ထားဝယ် ဒီဇင်ဘာ ၂၃
၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလလှုပ်ရှားမှုအဖြစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ထားဝယ်ဒေသ မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စုရပ်ဖြစ်သော ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဦးစွာတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က မီနီမာရသွန် အမျိုးသား၊ အမျိုးသမီးအားကစားသမားများအား ခရာမှုတ်၍ တာလွှတ်ပေးခဲ့သည်။
ပြိုင်ပွဲတွင် မီနီမာရသွန် အမျိုးသား၊ အမျိုးသမီးအားကစားသမားများက စုရပ်ဖြစ်သော မြို့တော်ခန်းမ အရှေ့မှ တစ်ဆင့်ကျောက်မော်လမ်းအတိုင်း ပေါက်တိုင်းတံတားထိပ်၊ ၎င်းမှတစ်ဆင့် ကျန်းမာရေးလမ်း၊ မီးသုံးလုံး လမ်းဆုံ၊ ဒေါင်းငူဈေးလမ်းဆုံ၊ လမ်းဆုံကြီး၊ မြိတ်တန်းလမ်း၊ ကမြောကင်းလမ်း၊ ဆန်းချီလမ်း၊ ဝဲကျွန်းလမ်း လေယာဉ်ကွင်းလမ်းအတိုင်းယှဉ်ပြိုင်ပြေးပြီး ပြေးလမ်းတစ်လျှောက်တွင် ပြည်သူများက ကြည့်ရှုအားပေးကာ အားကစားသမားများက ထားဝယ်မြို့တော်ခန်းမအရှေ့၌ ပန်းဝင်ခဲ့ကြသည်။
ထိုသို့ပန်းဝင်သည့်နေရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများက အသီးသီးစောင့်ကြိုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝင်းက လမ်းတစ်လျှောက် ကူညီဆောင်ရွက်ပေးသည့် ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက နှစ်သိမ့်ဆု၊ ပဥ္စမဆု၊ စတုတ္ထဆုရရှိသော အားကစားများအား ငွေသားဆုနှင့်ဆုဖလားများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်က တတိယဆုရရှိသည့် အမျိုးသား မောင်သန်းဇော်နှင့်အမျိုးသမီး မသင်းထက်စံပယ်ဦးအားလည်းကောင်း၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ဒုတိယဆုရရှိသည့် အမျိုးသား မောင်စိုင်းဝသုန်နှင့်အမျိုးသမီး မသော်ယမင်းမြင့်အားလည်းကောင်း ငွေသားဆုနှင့်ဆုဖလားများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပထမဆုရရှိသည့် အမျိုးသား မောင်မြင့်မြတ်မောင်နှင့် အမျိုးသမီး မဖြူဖြူအောင်အား ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)