အုတ်တွင်း ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့မစျေးကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြို့မစျေးကြီးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသမှုကို ယနေ့နံနက် ၉ နာရီအချိန်က စျေးသူစျေးသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယု၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့များက စျေးသူစျေးသားများအား စနစ်တကျ ရောင်းဝယ်ဖောက်ကားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသမှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဥ်ဖြင့် ရေပက်ဖျန်းငြှိမ်းသတ်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာအရှိနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးသူစျေးသားများ ပါဝင်သရုပ်ပြသခဲ့ကြောင်းနှင့် မီးသတ်ရေယာဥ်ဖြင့် မြို့မစျေးရှေ့ရှိ မီးသတ်ရေလှောင်ကန်အား ရေဖြည့်တင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)