ဘုတ်ပြင်းမြို့၌ နေ့ညအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ဘုတ်ပြင်း   ဒီဇင်ဘာ ၂၃    

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၌ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခုနှစ်ရက်သားသမီးများစုပေါင်း၍ နေ့ည အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ အတုလာအဓိပတိမဟာမုနိ ရွှေသာလျောင်းရုပ်ပွားတော် ရင်ပြင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်ဧည့်ပရိသတ်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် အောင်မေတ္တာတောရကမ္မဋ္ဌာန်းကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတထံမှ ငါးပါးသီလ ဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် တရားတော်ကို နာယူကြသည်။ ဘဒ္ဒန္တသောဘိတက ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်ခြင်း၊ ဆုထူးပန် တပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တဣဿရိယက  ပဋ္ဌာန်းကျမ်းတော်ကြီးအား ရွတ်ဖတ်ပူဇော်ခြင်း၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးမင်းကိုက နတ်ဗြမ္ဗာများအားပင့်ဖိတ်ခြင်း၊ ကရိုင်တိုင်ကျေးရွာ သီရိမင်္ဂလာတပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တဇဝနက ပဋ္ဌာန်းအမွှန်းဂါထာရွတ်တ်ပူဇော်ပြီး ကြွရောက်လာကြသော သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဟေတုပစ္စယော အစရှိသော ပစ္စယုဒ္ဒေသ ပါဠိတော်ကြီးကို သုံးကြိမ်သံပြိုင်ရွတ်ဆိုပူဇော်  အလှည့်ကျပဌာန ဘာဏကပဋ္ဌာန်းရွတ်ဆိုမည့် ဆရာတော်က မဟာပဋ္ဌာန်းတော်ကြီးအား စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။

အဆိုပါ နေ့ညအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)