မြို့သစ်မြို့နယ်၌ “ခရမ်းချဉ်သီး” စျေး တစ်ပိဿာ (၆၀၀၀) ကျပ် စျေးရောင်းချရ၍ ရောင်းချသူများ အဆင်ပြေလာ

မြို့သစ် ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲ များသာမက ရာသီအလိုက်ကာလတို/ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ်ပြန်တက်လာကြောင်း စိုက်ပျိုးရောင်းချသူများထံက သိရသည်။

ခရမ်းချဉ်သီးနှံသည် ပျိုးထောင်သည့်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ခရမ်းချဉ်စိုက်ပျိုးသူထံက သိရသည်။

ခရမ်းချဉ်မျိုး(၂)ထုပ်စိုက်ပျိုးပါက ငွေကျပ်ခွန်နှစ်သိန်းမှ ရှစ်သိန်းဝန်းကျင်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများ စတင်ခူး ဆွတ်ရောင်းချရကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းက တစ်ပိဿာ(၁၅၀၀)/(၂ဝ၀၀)ကျပ်စျေးရောင်းချရသော်လည်း ယခုပေါက်စျေး တစ်ပိဿာ (၆၀၀၀) ကျပ်စျေး ဝန်းကျင်ရရှိကြောင်း၊ (၂) ရက်ခြားတစ်ကြိမ်ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရရှိနေကြောင်း၊ စျေးနှုန်းမြင့်တက်လာသဖြင့် အတော်အသင့် အဆင်ပြေနိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မြို့သစ်မြို့နယ်တွင် စီးပွားဖြစ်ခရမ်းချဉ်သီး စိုက်ပျိုးသူများအနေဖြင့် ဗမာခရမ်းချဥ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးများကို နေရာခွဲကာ စိုက်ပျိုးကြကြောင်းနှင့် ခရမ်းချဉ်များသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာသဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

သန်းဝင်းထွန်း  (ပြန်/ဆက်)