သံတောင်ကြီး ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး စာအုပ်အား ယမန်နေ့နေ့လည် (၁) နာရီက Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်အဲအော် (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် သူများထက်ဘာထွေထူးကဲနေသလဲ၊ အတွင်းမှဦးဆောင်ခြင်း၊ အလို အလျောက် ထိုးဖောက်သိမြင်တတ်သောသူ၊ ဖြေရှင်းရန်နည်းလမ်းရှာဖွေခြင်း၊ ဆုံးဖြတ်ခြင်းစသည့်အကြောင်း အရာများအား စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး နော်ထာမူး (Youth Club) အဖွဲ့ဝင်က ခေါင်းဆောင်တို့နေထိုင်ပုံ၊ ထိတွေ့မှုရှိခြင်း၊ လူရွေးချယ်ခြင်း၊ လုပ်ပိုင်ခွင့်အပ်နှင်းခြင်း၊ အနာဂတ်ကမ္ဘာ၌ ဦးဆောင်ခြင်း စသည့် အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club/ Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာရေးဆရာဖေမြင့်၏ ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေးစာအုပ်ကို ဖတ်ရှုခြင်းဖြင့် အနာဂတ်တွင် ခေါင်းဆောင်လိုမျိုး ပြုမှုနေထိုင်တတ်စေရန် အခက်အခဲများကို ဦးနှောက်ဖြင့် စဉ်းစားဖြေရှင်းတတ်လာစေရန် စသည့်အကျိုးကျေးဇူးများကို ရရှိစေကြောင်း သိရသည်။
နော်နော်မူ