လွိုင်ကော် ဒီဇင်ဘာ ၂၂
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ် ဝန်ထမ်းမိသားစု ခရစ္စမတ်မိတ်ဆုံ စားပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ခရစ်ယာန်ဘာသာဝင်ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ဌာနဆိုင်ရာအသီးသီးမှ ခရစ်ယာန်ဘာသာဝင် ဝန်ထမ်းများက ခရစ္စမတ်သီချင်းဖြင့် အဖွင့်သီဆို ဖျော်ဖြေကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ခရစ်ယာန်ဘာသာဝင် ဝန်ထမ်းများအနေဖြင့် တစ်နှစ်ပတ်လုံး လုပ်ငန်းတာဝန်များကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး ခရစ္စမတ်အခါသမယကို စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့်ကြိုဆိုနိုင်ရေး ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ ကိုးကွယ်ယုံကြည်မှု ဘာသာအသီးသီးကို ကူညီစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ထို့အတူ ခရစ်ယာန်ဘာသာဝင် ပြည်သူများ စိတ်အေးချမ်းသာစွာဝတ်ပြုဆုတောင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခရစ်ယာန်ဘာသာ၏ အဆုံးအမများနှင့်အညီနေထိုင်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းနှင့် ခရစ္စမတ်အခါသမယမှစ၍ အေးချမ်းပျော်ရွှင်ခြင်း၊ ငြိမ်းချမ်း သာယာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း စသည်ဖြင့် နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ခရစ်ယာန်ဘာသာဝင် ဌာနဆိုင်ရာတာဝန်ရှိသူများအတွက် ခရစ္စမတ်လက်ဆောင်ပစ္စည်းများပေးအပ်ရာ သယံဇာတရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူနှစ်ဦးက လက်ခံရယူသည်။
ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဌာနဆိုင်ရာများမှ ခရစ်ယာန်ဘာသာဝင်ဝန်ထမ်းများအတွက် ခရစ္စမတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ကြရာ ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသည့် ဧည့်ပရိသတ်များနှင့် နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြပြီး ဌာနဆိုင်ရာများမှ ခရစ်ယာန်ဘာသာဝင် ဝန်ထမ်းများ၏ ခရစ္စမတ်တေးသီချင်းများသီဆိုမှုကို ကြည့်ရှုအားပေးကာ ပြည်နယ် ဝန်ကြီးချုပ်က ခရစ္စမတ်တေးသီချင်းများ သီဆိုခဲ့ကြသည့် ဝန်ထမ်းအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးချင်းစီကို ခရစ္စမတ်လက်ဆောင်များပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)