ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၂၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်တို့က မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ဆက်လက်၍ ပခုက္ကူတက္ကသိုလ်ပညာရေးအဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ကြပြီး ဥပဒေပညာဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာဌေးဌေးက ဝိဇ္ဇာဘာသာရပ်ဆိုင်ရာများကိုလည်းကောင်း၊ ရုက္ခဗေဒဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာ ကိုတင်က သိပ္ပံဘာသာရပ်ဆိုင်ရာများကိုလည်းကောင်း မိတ်ဆက်ရှင်းလင်းပြောကြားကြသည်။

ထို့နောက် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်)ဆုရရှိသူများ၊ ၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၊ တိုင်းဒေသကြီးကိုယ်စားပြုအားကစားသမားများ၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့နှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲဆုရရှိသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ကျောင်းသူတို့အား ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြပြီး မောင်မယ်သစ်လွင် ၈၀ ဦးတို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)