ကျောက်တံခါး ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးရုံအုပ် ဒေါက်တာစည်သူစန်းမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေေရေး၊ ရောဂါများဖြစ်ပွားနေပါက လျင်မြန်စွာကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိကြောင်းနှင့် ယနေ့တွင် အငြိမ်းစားဝန်ထမ်း (၇၀)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာစည်သူစန်းထံမှ သိရသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ပေးမှုကို လူမှုရေးအသင်းအဖွဲ့ဝင်များက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)