မင်းဘူး ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝသော အနာဂါတ်လူငယ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ(အလွတ်တန်း) ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မင်းဘူးမြို့ ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲကျင်းပရေးကော်မတီထံ ပံ့ပိုးငွေများနှင့် မင်းဘူးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ တက်ရောက်လာကြသူများနှင့် ပြိုင်ပွဲဝင်အားကစား သမားများက အားကစားအဓိဌာန် ရွတ်ဆိုခဲ့ပြီးနောက် အားကစားပြိုင်ပွဲကို စတင်ဖွင့်လှစ် ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ (အလွတ်တန်း) ဘောလုံးပြိုင်ပွဲတွင် Southern Minbu ၊ T.S.B Youth ၊ Banana FC ၊ Ward-3 ၊ Golden Brother ၊ ဖိုးစနေ FC နှင့် Next Generation စသည့် ပြိုင်ဝင်အသင်းပေါင်း (၇)တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဘောလုံးပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ဆုပေးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့တွင်) ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် Banana FC အသင်းနှင့် Southern Minbu အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Banana FC အသင်းက (၃ - ၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို မင်းဘူးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ မင်းဘူးမြို့အားကစားကော်မတီအဖွဲ့ဝင်များ၊ မြို့ဒေသခံပြည်သူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပရိတ်သတ်များက အေးချမ်းပျော်ရွှင်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်အတွင်း၌ အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အဆိုပါအားကစားကွင်းအတွင်း၌ ခရိုင်နှင့်မြို့နယ်အဆင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများနှင့် အခြားသော အားကစားပြိုင်ပွဲမျိုးစုံ ကျင်းပပြုလုပ်နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ဘောလုံးကွင်းအား အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)