နတ်မောက် ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသည့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းဥက္ကဋ္ဌက ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး (၁) ဒေါ်ရီရီငြိမ်းက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးအတွက် အရေးကြီးသော ရောဂါပိုးသယ်ဆောင်သော ပိုးမွှားကောင်များ နှိမ်နင်းခြင်းလုပ်ငန်းတွင် အဓိကကျသည့် အဆောက်အအုံအတွင်း ကြာရှည်ခံခြင်ဆေးဖျန်းခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ အသုံးပြုသည့် ပိုးသတ်ဆေးဖျော်စပ်နည်း၊ ဆေးမှုတ်စက်များ နည်းစနစ်မှန်ကန်၍ ထိရောက်မှုရှိစေရန် စနစ်တကျအသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာမများ၊ ရပ်ကွက်/ကျေးရွာများမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း