ဒေးဒရဲ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးများ အာဟာရဖွံ့ဖြိုးစေရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၁၈)ရက်နေ့နံနက် (၁၀)နာရီက သဲကုန်းကျေးရွာ၊ ကျောင်းကြီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကလေးငယ်များအား အာဟာရပြည့်ဝစေရေးအတွက် နေ့စဥ်စားသုံးရမည့် အစာအုပ်စုများအား အသိပညာပေး ဟောပြောခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်နီနီမြင့်က မိခင်များအတွက် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှု၊ မွေးကင်းစနှင့် ကလေးများအား မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်း၊ မိခင်နှင့် ကလေးများ အာဟာရပြည့်ဝရေး စားသုံးခြင်း၊ အလေးထားဆောင်ရွက်ရမည့် သန့်လေးသန့်အကြောင်းအရာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက်ကလေးများ ကျန်းမာသန်စွမ်းစေရေး လိုက်နာရမည့်အချက်များအား အသိပညာပေးဟောပြောခြင်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်စိုးက ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝစွာ စားသုံးရေးနှင့် ကလေးငယ်များအား အစာအုပ်စုများ မျှတစွာကျွေးမွေးနိုင်ရေး သိသင့်သိထိုက်သည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား အာဟာရပြည့်ဝစေရေး ချက်ပြုတ်နည်းစနစ်များပြသခြင်းနှင့် အာဟာရဒါနများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)