ထားဝယ် ဒီဇင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း(၃/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ(၂)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏လုပ်ငန်းကော်မတီများသာမက တိုင်းဒေသကြီးအတွင်းဌာနဆိုင်ရာများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အသိပညာများတိုးပွားကာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာမှာဖြစ်ကြောင်း၊ ထို့အပြင် အချင်းချင်းချိတ်ဆက်မှုအား ကောင်းစွာဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသည့် လူ့အသိုက်အဝန်းတစ်ခု ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သဘာဝကနေဖြစ်ပွားလာသည့်ဘေးအန္တရာယ်များကို တားဆီးလို့မရသောကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို လျော့နည်းသက်သာစေရန်အတွက် နိုင်ငံတော်အနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ဦးဆောင်ပြီးကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းစသည့် အဆင့်အလိုက် ကြီးကြပ်လမ်းညွှန် ဆောင်ရွက်လျက်ရှိသလို မိမိတို့တိုင်းဒေသကြီးအတွင်းမှာလည်း တိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ကို လုပ်ငန်းကော်မတီ(၁၂)ခုနှင့် ဖွဲ့စည်းပြီးသဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများကို ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့၏ဌာနများတွင် လက်တွေ့လုပ်ဆောင်နေရသည့်လုပ်ငန်းအတွေ့အကြုံများဖြင့် သင်တန်းကရရှိလာမည့် အသိပညာဗဟုသုတများကိုပေါင်းစပ်ပြီး မိမိပတ်ဝန်းကျင်နှင့် လုပ်ငန်းနယ်ပယ် အသီးသီးတွင်ပြန်လည် အသုံးချဆောင်ရွက်နိုင်သောအခြေအနေထိရောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို မိမိတို့၏လုပ်ငန်းနယ်ပယ်နှင့်ပေါင်းစပ်ပြီး ဌာနများအကြားပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်စေရန်၊ ဘေးအန္တရာယ်များရင်ဆိုင်ကြုံတွေ့လာရပါက လည်း ထိရောက်လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသောသင်တန်းသား၊ သင်တန်းသူများဖြစ်စေရန်အတွက် သင်ခန်းစာများကိုစိတ်ပါဝင်စားစွာဖြင့် သင်ယူလေ့လာကာ ပြည်သူများအကြား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီးရင်ဆိုင်တွေ့ကြုံနေရသောအခက်အခဲများ ကိုဖြေရှင်းနိုင်ရေးအတွက် တာဝန်သိစိတ်ကိုယ်စီဖြင့် ကျရာကဏ္ဍအလိုက်ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများတို့က သင်တန်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးသည်။ သင်တန်းတွင်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ(၅၀)ဦးအား ဒီဇင်ဘာ ၂၇ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)