ဒေးဒရဲမြို့၌ မျက်စိခွဲစိတ်ကုသမှုအလှူတော်နှင့် လူမှုရေးအသင်းအဖွဲ့များအား ငွေပဒေသာပင်များ စိုက်ထူလှူဒါန်း

ဒေးဒရဲ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ မျက်စိဝေဒနာ ပတ်သတ်သောရောဂါများ စမ်းသပ်ခြင်း၊ ခွဲစိပ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေးဒရဲမြို့ စက္ခုဒါနဆေးခန်း၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မျက်စိခွဲစိတ်ကုသရန်လိုအပ်လျက်ရှိသည့် ပြည်သူများအား မျက်စိခွဲစိတ်ကုသမှုအလှူတော်နှင့် လူမှုရေးအသင်းအဖွဲ့များအား ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန် ပရိဝုဏ်ရှိ စက္ခုဒါနဆေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွှတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ (၈- မိုင်) ကန်ဦးဇေတဝန်စာသင်တိုက် ဦးစီးပဓာန ဆရာတော်  ဘဒ္ဒန္တ နန္ဒသာမီဘိဝံသထံမှ သီလခံယူဆောက်တည်ကြသည်။ ထို့နောက် အလှူရှင်ကန်ဦးဇေတဝန် စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တနန္ဒသာမီဘိဝံသက မျက်စိခွဲစိတ်အလှူတော်ငွေနှင့် မြို့ပေါ်ရပ်ကွက်များရှိ လူမှုရေးအသင်းအဖွဲ့များသို့ ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကောင်းမှုအစုစုအား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရသည်။ဆက်လက်၍  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွှတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အေဇာလင်း