ရေနံချောင်း ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရေနံချောင်းမြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ် သုံးဆယ့်ခြောက် ကျေးရွာအုပ်စု ကွင်းအမှတ်(၃၂/ခ/၁) သုံးဆယ့်ခြောက်တောင်အနောက်ကွင်းတွင် ဆိုလာရေတင်စနစ်ဖြင့် စက်မှုလယ်ယာဦးစီးဌာနက ယာမြေမှ လယ်မြေအဖြစ်ပြောင်းလဲပြီး စပါးစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိသည့် ဧရိယာဧက(၁၀၂.၇၀)ဧကနှင့် တစ်ဆက်တစ်စပ်တည်းတိုးချဲ့စိုက်ပျိုးနိုင်မည့် ဧရိယာ(၆၂.၆၅)ဧကမြေနေရာအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ရှင်းလင်းဆောင်တွင် ယာမြေမှလယ်မြေအဖြစ် ပြောင်းလဲစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံကာ လယ်မြေအဖြစ်ပြောင်းလဲစိုက်ပျိုးရာတွင် သီးနှံများအထွက်နှုန်းကောင်းမွန်ရေးနှင့် သီးနှံဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေးနည်းလမ်းကောင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ကြဖို့လိုကြောင်း မှာကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံချောင်းမြို့ ချောင်းတိမ်ချောင်းရေစီးရေလာ ကောင်းမွန်ရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်ခွင့်ပြုငွေ (၃၀၀.၀၀)ကျပ်သန်းဖြင့် ဆောင်ရွက်သည့် ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများအရည်အသွေးပြည့်မီရေးနှင့် ရေရှည်ခိုင်ခံ့စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံးကြီးတွင် မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့က ရပ်ကွက်/ကျေးရွာအုပ်စုများမှ လူနာများအား အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် မင်းဘူးနှင့်ရေသန့်ဘူးများကို ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လူနာများအား တစ်ဦးချင်းလှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံးကြီး၌ မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာနေလင်းဦးနှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့က အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးရာတွင် အထွေထွေရောဂါလူနာ ၁၈၅ ဦး၊ ခွဲစိတ်လူနာ ၁၈ ဦး၊ မျက်စိလူနာ ၁၅၈ ဦး၊ ဆီးနှင့် ကျောက်ကပ်လူနာ ၁၆ ဦး၊ ကလေးလူနာ ၁၀ ဦး၊ သွားနှင့်ခံတွင်းလူနာ ၂၅ ဦး၊ ကိုယ်ဝန်ဆောင်နှင့် သားဖွားလူနာ ၃၇ ဦး၊ အရိုးအကြောလူနာ ၁၆၉ ဦး၊ ဓာတ်မှန် ၁၃ ဦး စုစုပေါင်းလူနာ ၆၃၁ ဦးအား အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်