မအူပင် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေအပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၉)နာရီက ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအာကာဦးမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးပုံအဆင့်ဆင့်အား အသိပညာပေးရှင်းလင်းဟောပြောပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်ဌေးဌေးလှမှ ရွေးကောက်ပွဲကာလအတွင်း မိမိတို့အမည်ပါရှိသည့် ရပ်ကွက်၊ ကျေးရွာများ၌ ဆန္ဒမဲပေးရမည်ဖြစ်ကြောင်းနှင့် မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မအူပင်ခရိုင်ရုံး၌ ပြသထားသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ရှင်းလင်းပြသရာ တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်၊ကျေးရွာများမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး လူစည်ကားရာနေရာဖြစ်သည့် တေဇလမ်းနှင့်ဘုရားလမ်းထိပ်၌ ဒို့အတူတူမဲပေးကြမယ်အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)