ငွေဆောင်ကမ်းခြေ၌ အပန်းဖြေလည်ပတ်သူများဖြင့် စည်ကားများပြား

ငွေဆောင် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေသို့ အစိုးရရုံးပိတ်ရက်နှင့် ဒီဇင်ဘာကျောင်းပိတ်ရက် ကာလဖြစ်သော ဒီဇင်ဘာလ(၁၉)ရက်၊ (ကရင်နှစ်သစ်ကူးနေ့)မှ စတင်၍   လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသည် သဲသောင်ပြင်သန့်ရှင်းခြင်းနှင့် ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ပင်လယ်ရေစိမ်ခြင်း၊ ရေကူးခြင်းဖြင့် အနားယူအပန်းဖြေရန်ကောင်းသော ကမ်းခြေတစ်ခုဖြစ်ပြီး ငွေဆောင်ကမ်းခြေမှတစ်ဆင့် လိပ်ကျွန်း၊ မြွေကျွန်း၊ ချစ်သူများကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းများသို့ သွားရောက်လည်ပတ်နိုင်ခြင်းတို့ကြောင့် နှစ်စဉ်ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များစွာလာရောက် အနားယူအပန်းဖြေရာ ကမ်းခြေတစ်ခုဖြစ်သည်။

ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေ နိုင်စေရေး၊ လုံခြုံမှုရှိစေရေး၊ ကမ်းခြေသန့်ရှင်းသာ ယာလှပရေး၊ ကမ်းခြေဈေးသည်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချစေရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး၏စီမံကွပ်ကဲမှုဖြင့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

R – 014( ငွေဆောင်)