ငပုတော ဒီဇင်ဘာ ၂၁
ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် တမန်ချောင်းကျေးရွာတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲလင်းထွန်း၊ အဖွဲ့ဝင်ဦးသန်းဦးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တမန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကရင်တိုင်ရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ တမန်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက မင်္ဂလာဖားစည်တီးကာနှင့် မင်္ဂလာကျွဲချိုသံသာဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့်ကရင်အလံတော်အား အလေးပြုကြသည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းဦးက ယနေ့သည် ကရင်တိုင်းရင်းသားလူမျိုးများ၏ (၂၇၆၅)ခုနှစ် ကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပြီးနှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကိုကောင်းခြင်းမင်္ဂလာများနှင့် ကြိုဆိုသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ (၁၉၃၈)ခုနှစ်မှစတင်၍ နှစ်စဉ်ပြာသိုလဆန်း(၁)ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ်သတ်မှတ်ကာ နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် တရားဝင်ကျင်းပပြုလုပ်ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းမှာ ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင်ကြပြီး တိုင်းရင်းသားလူမျိုးများအားလုံး၏ ဓလေ့ထုံးတမ်းများတူညီမှုများမရှိသော်လည်း မိသားစုစိတ်ဓာတ်ဖြင့်အတူတကွ ချစ်ကြည်ရင်းနှီးစွာနေထိုင်လျက်ရှိကြောင်း၊ ကရင်တိုင်ရင်းသား ညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် မိမိတို့ရဲ့ စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်း၊ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပြီး အခြားသောတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာအတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်တိုင်းရင်းသား မန်းထွန်းလင်းက ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံနှင့် ကရင်အမျိုးသားအလံ၊ ဖားစည်၊ ကျွဲချိုတို့၏ အဓိပ္ပါယ်များကို ရှင်းလင်းဖတ်ကြားခဲ့ကြသည်။
ယင်းနောက် တမန်ချောင်းကျေးရွာ ဒုံးယိမ်အဖွဲ့က ဒုံးယိမ်အကများ၊ ရိုးရာအကအလှများဖြင့် ဖျော်ဖြေကြရာတာဝန်ရှိသူများသည် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဒုံးယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကရင်တိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)