နတ်တလင်းမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲစတင်ပေးနှံ

နတ်တလင်း ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့၊ နတ်တလင်းမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းနှင့် အ.ထ.က(နတ်တလင်း)တို့၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲစတင်ပေးနှံသည်။

၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၁)၌ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၄၅) (ခ) အကျုံးဝင်သော မဲဆန္ဒရှင်များအနက် နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာရန်ရှိနိုင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အစိုးရအဖွဲ့အစည်းဝင်များ၊ ကော်မရှင်အဖွဲ့အစည်းအသီးသီးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရမည့်သူများသည် ဒီဇင်ဘာ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှ  ညနေ ၆နာရီအထိ  ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားပြီးဖြစ်ရာ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊  ပဲခူးတိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ သက်ဆိုင်ရာ မဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ (၇)ပါတီမှ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲ စတင်ပေးနှံခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)