မအူပင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

မအူပင် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒေသထွက်ကုန်သီးနှံများ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်ရန်အတွက် မီးသွေးချောင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးမှုအား မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာမနားကီးနှင့် တာဝန်ခံအင်ဂျင်နီယာများသည် တံခွန်တိုင်ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် (၅၀၀၀’×၁၆’×၂’) ဖြင့် မြေသားလမ်းခင်းခြင်းနှင့် အဆိုပါကုန်ထုတ်လမ်းပေါ်၌ (၅’×၁၅’×၅’) ရှိသော Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းတာဝန်ခံအား လုပ်ငန်းများအားလုံး စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

 အဆိုပါကုန်ထုတ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (GRF) ဘဏ္ဍာရန်ပုံငွေ (၂၉၄.၀၀) သန်းဖြင့် မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ပြီး (၁၀၀) ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက အကျိုးပြု ကျေးရွာ (၄) ရွာရှိ အိမ်ခြေ ၁၃၄၀ အိမ်၊ လူဦးရေ ၅၀၉၀ ဦး၊ စိုက်ပျိုးမြေဧက ၈၀၀ ၌ စိုက်ပျိုးထားသည့် ဒေသထွက်ကုန်သီးနှံမျိုးစုံအား ရာသီမရွေး ဈေးကွက်သို့ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးထံမှ သိရပါသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)