ရွှေတောင်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့ကိုင်တွယ် အသုံးပြုနည်း မွမ်းမံသင်တန်းဖွင့်လှစ်

ရွှေတောင် ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်ခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မြမှ အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် တစ်ချက်အပါအဝင်ဖြစ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဥ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆိုသည့်အတိုင်း ရွှေတောင်မြို့နယ်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့် အပိုင်း(၁)တွင် ပါဝင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်နှင့် MEVM မဲပေးစက်အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထပ်ဆင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်ဦးမြင့်ဌေးမှ  မြန်မာအီလက်ထရောနစ် မဲပေးစက်လက်တွေ့ကိုင်တွယ်အသုံးပြုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)