ကသာ ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တက္ကသိုလ်/ကော်လိပ်များသို့ သွားရောက်ကျောင်းတက်ကြမည့် ကျောင်းသား/ကျောင်းသူများ၊ မဲရုံများတွင်တာဝန်ထမ်းဆောင်ကြမည့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားလာကြမည့် ဒေသခံပြည်သူများ ကြိုတင်မဲပေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီမှစတင်၍ သက်ဆိုင်ရာရပ်ကွက်များရှိ သက်မှတ်မဲရုံများတွင် လက်ခံဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် တက္ကသိုလ်/ကော်လိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာဝနထမ်းများနှင့် ခရီးသွားလာကြမည့် ဒေသခံပြည်သူတို့က ၎င်းတို့မဲစာရင်းပါရှိရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကျောင်းသားကတ်(သို့မဟုတ်) ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲပေးကြရာ ကသာမြို့နယ်အတွင်းရှိ မိဘပြည်သူစုစုပေါင်း ( ၅၈၉)ဦးလာရောက်မဲပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ (၂၀)ရက်နေ့မှစ၍ (၂၇)ရက်နေ့အထိ နံနက်(၈)နာရီမှ ညနေ(၃:၃၀)နာရီအချိန်အတွင်း သက်ဆိုင်ရာရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများတွင် လာရောက်မဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်