အုတ်တွင်း ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း အဆင့် G-5 နှင့် အလယ်တန်းအဆင့် G-9 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း(အုတ်တွင်း) ကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူမာနှင့် တောင်ငူခရိုင် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးရဲထွဋ်ကိုတို့က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးက အခြေခံပညာမူလတန်းအဆင့် G-5 နှင့် အလယ်တန်းအဆင့် G-9 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖြစ်သည့်အတွက် စာမေးပွဲနှင့်သက်ဆိုင်သည့် မေးခွန်းများနှင့် အမှတ်ပေးစည်းမျဥ်းများအား သိရှိစေရန်၊ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူမာနှင့် တိုင်း၊ ခရိုင်အဆင့်နည်းပြ သင်တန်းတက်ရောက်ခဲ့သည့် ဘာသာရပ်သင်ဆရာ/ဆရာမတို့က ထပ်ဆင့်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံ ပညာမူလတန်း G-5 နှင့် G-9 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာမကြီးများနှင့် ဘာသာရပ်သင် ဆရာ/ ဆရာမများ စုစုပေါင်း (၂၁၃) ဦး တက်ရောက်ခဲ့ ကြောင်းနှင့် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား နံနက် (၉) နာရီ မှ ညနေ (၄) နာရီအထိ ဆွေးနွေးပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်ခင်မာ