စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလတတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မြို့တော်ခန်းမရှေ့တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မြို့နေ ပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူအင်အား ၄၅၀၀ ကျော်မှ ကန့်ဘလူမြို့၊ မြို့တော် ခန်းမရှေ့ရှိ သတ်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အချက်ပြအလံဝှေ့ရမ်းကာ သတ်မှတ်နေရာများမှစတင်၍ တပင်ရွှေထီးလမ်းမကြီးတစ်လျှောက်မှ မြို့ရှောင်လမ်းအထိ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကာ စုရပ်အဖြစ် ကန့်ဘလူမြို့၊ အစိုးရစက်မှုလက်မှု (သိပ္ပံ)ကျောင်းဝန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး အဆိုပါကျောင်းဝန်းအတွင်း၌ ၅ ပေခြား စနစ်တကျနေရာယူကြကာ ကန့်ဘလူမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကန့်ဘလူမြို့၊ အစိုးရစက်မှုလက်မှု(သိပ္ပံ) ကျောင်းမှ ဝန်ထမ်းများ၏ ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ(၁)အတွဲ (၂)သရုပ်ပြသမှုများနှင့် သွေးပူလေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကန့်ဘလူမြို့ပေါ်ရှိ “ဆု” ကိုယ်ပိုင်အထက်တန်းကျောင်း၊ “မြင့်မိုရ်”ကိုယ်ပိုင်အထက်တန်း ကျောင်းနှင့် “သူရိန်နန်း” ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဧည့်ခံကျွေးမွေးသည့်နံနက်စာများအား တစ်ပျော်တစ်ပါး စားသုံးနေမှုများနှင့်ကံစမ်းမဲများ ဖွင့်ဖောက်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့်အတူ ဆုမဲပေါက် သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ တတိယပတ်လူထုစုပေါင်းလမ်းလျှေက်ပွဲသို့ တက်ရောက်လာသူများအား စားသုံးဆီများနှင့်ဆန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီးစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း ကန့်ဘလူမြို့ပေါ်ရှိ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူ များမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၈၀၀ ဦးကျော်ဖြင့် မြို့သန့်ရှင်း သာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)