ပွင့်ဖြူမြို့နယ်၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုမဲရုံမှူး(မွမ်းမံ)သင်တန်းပြုလုပ်၍ မဲပေးစက်များ စစ်ဆေးဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး(မွမ်းမံ)သင်တန်း ပို့ချခြင်းနှင့် မဲပေးစက်များ စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ‌

အဆိုပါ (မွမ်းမံ)သင်တန်းသို့ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် စုစုပေါင်း သင်တန်းသားဦးရေ ၄၂၀ ဦး တက်ရောက်ပြီး သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်တဥ္ဇာစိုးနှင့် ဝန်ထမ်းများက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲပေးစက်တည်ဆောက်ပုံ နည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြည်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်မှုများကို လုပ်ငန်းလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ဝန်ထမ်းများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်လာသည့် ဌာနဆိုင်ရာများက ရွေးကောက်ပွဲ၌ အသုံးပြုမည့် အီလက်ထရောနစ်မဲပေးစက်များအား စစ်ဆေးခြင်းဆောင်ရွက်ပြီးနောက် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )