လွိုင်ကော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

လွိုင်ကော် ဒီဇင်ဘာ ၂၀

ကယားပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာငွေဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးဆပ်ကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရိန်လင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်မိုးက သင်တန်းတွင်သင်ကြားမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းသုံးကုန်ကြမ်း ပစ္စည်းများကို သင်တန်းသားများထံပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးအား ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ငါးရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းအောင်