ဒီဇင်ဘာအားကစားလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးမျိုးအောင်ပါဝင်ဆင်နွှဲ

ပဲခူး ဒီဇင်ဘာ ၂၀

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာ အားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/ သူများ၊ သင်တန်းသား/ သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရောက်ရှိခဲ့ပြီး ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့မှ စတင်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းအတွင်း၌ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ (၁)နှင့်အတွဲ(၂)တို့အား ပြုလုပ်ကြသည်။

ထို့နောက် ဌာနဆိုင်ရာလွန်ဆွဲပြိုင်ပွဲ၊ အပျော်တမ်း ဘောလုံးဂိုးကျဉ်း သွင်းပြိုင်ပွဲနှင့် သံလုံးပစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ ပင်ပေါင်ပြိုင်ပွဲတို့အား ကြည့်ရှု အားပေးခဲ့ကြသည်။ ၎င်းနောက် လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်ပွဲ (တတိယပါတ်) အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲကြသူများအား ကံစမ်းမဲဖောက်ခြင်းနှင့် လွန်ဆွဲပြိုင်ပွဲအတွက် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ ဒီဇင်ဘာအားကစားလ (တတိယပါတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း လူဦးရေ ၁၅၀၀၀ကျော် လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲခဲ့ကြပြီး ပဲခူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက ကောက်ညှင်းပေါင်း၊ အကြော်တို့ဖြင့် ကျွေးမွေးဧည့်ခံကြ ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)