အိမ်မဲ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု လက်ပံကုန်းကျေးရွာတွင် ကရင်တိုင်းရင်သားလူမျိုးများ၏နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့တွင်ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူနေ့ အလံတင် အခမ်းအနားနှင့် ကောက်သစ်စားပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် (၅) နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာမောင်မောင်စိုးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ဆက်လက်ပြီး ကရင်အမျိုးသားအလံတော်အား အမွှေးနံ့သာပက်ဖျန်းခြင်းနှင့် နှစ်သစ်နှုတ်ခွန်းဆက်စကား ဖတ်ကြားခြင်းများဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ပဒိုးမှုတ်၍လည်းကောင်း၊ အိမ်မဲမြို့နယ်လုံးဆိုင်ရာ စုပေါင်းကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပခဲ့သည်မှာ (၅၅)ကြိမ်မြောက်ဖြစ်သည့်အတွက် ဖားစည် (၅၅) ချက်တီး၍လည်းကောင်း ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ကရင်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့က အလံတင်မည့်နေရာတွင်နေရာယူကြပြီး ကရင်လူငယ်များက ကရင်အမျိုးသားအလံကို သယ်ဆောင်လာကြကာ ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကို ကရင်အမျိုးသားသီချင်းစုပေါင်းသီဆို၍ အလေးပြုခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင်က နှစ်သစ်မိန့်ခွန်းစကားများပြောကြားခဲ့ပြီး အခမ်းအနားကို စုပေါင်းဒုံးကပြခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ယင်းနောက်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို နံနက် (၇) နာရီ ၃၀ မိနစ်တွင် ဆက်လက်ကျင်းပရာ အခမ်းအနားအား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင်က ဖားစည်တီး၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးနှင့် ခရစ်ယာန် ဘုန်းတော်ကြီးတို့က မေတ္တာသုတ်ရွတ်ဖတ်ခြင်းနှင့်ဆုတောင်းမေတ္တာများပို့သခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင် ကဖတ်ကြားပြီး နှုတ်ခွန်းဆက်စကားများပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်စကားများကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှပေးပို့သောသဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်ကဖတ်ကြားပေးပြီး ဧရာဝတီတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းစန်းဝင်းက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုတက်ရောက်လာသူများက ကရင်အမျိုးသားသီချင်းသီဆို၍ ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းအစီအစဥ်ဖြစ်သော ကောက်သစ်စားပွဲတော်ကျင်းပရာ တက်ရောက်လာသူများ မဏ္ဍပ်အတွင်းနေရာယူကြသည်။ ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီအတွင်းရေးမှူး ဒေါက်တာမောင်မောင်စိုးက ကရင်ရိုးရာကောက်သစ်စားပွဲတော် အကြောင်းအားရှင်းလင်းပြောကြားခဲ့ပြီး ကောက်သစ်စားပွဲတော်ကျင်းပမည့်နေရာ၌ ကရင်ရိုးရာ ကောက်သစ်စားပွဲတော်တွင် စပါးစောင့်လိပ်ပြာ (ဝိဉာဏ်၊ ဖီဖူးယော်)အား ပင့်ဖိတ်၍ မိသားစုများပျော်ရွှင်စွာ ကောက်သစ်စားပွဲတော်ကျင်းပ၍ တက်ရောက်လာသူများက စည်းလုံခြင်းသီချင်းဖြင့် ကောက်သစ်စားပွဲတွင် ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်