မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်လုံးချမ်းသာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားကြီး၏ (၁၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသော ပြည်လုံးချမ်းသာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားကြီး၏ (၁၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ညနေပိုင်းက ပြည်လုံးချမ်းသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး၏ တန်ဆောင်းတော်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘုရားကြီးတိုက်ကျောင်း၊ ကမ္မဌာနာစရိယဆရာတော် ဘဒ္ဒန္တဩဘာသထံမှ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များက သရဏဂုံသီလ ဆောက်တည်ခံယူကြပြီးနောက် ပြည်လုံးချမ်းသာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားကြီး၏ (၁၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီးသည် မြန်မာသက္ကရာဇ် (၁၂၆၉) ခုနှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့ရာ ယနေ့အထိပင် (၁၁၈)နှစ်တိုင် ရှိခဲ့ပြီးဖြစ်ရာ နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပလျက်ရှိကြောင်းသိရပြီး ပွဲတော်ကို ပြာသိုလဆန်း (၁)ရက်နေ့မှ (၇)ရက်နေ့အထိ (၇)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ဂေါပကဥက္ကဋ္ဌထံမှ သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)