ဘားအံ ဒီဇင်ဘာ ၁၉
ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကို နံနက်ရောင်နီလာချိန်တွင် ကျင်းပရာ တက်ရောက်လာကြသော ကရင်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့ကအလံတင်မည့် သီရိကွင်းဒုံးစင်မြင့်ရှေ့၌နေရာယူကြပြီး ကရင်လူငယ်များက ကရင်အမျိုးသားအလံကို သယ်ဆောင်လာကြကာ ကရင်ရိုးရာကျွဲချိုမှုတ်၍ ဖားစည်တီးကာကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ရောင်နီလာချိန်တွင် ကရင်အမျိုးသားအလံကို တိုင်ထိပ်သို့ လွှင့်ထူပေးရာ ကရင်အမျိုးသားအပေါင်းတို့က ကရင်အမျိုးသားသီချင်းကို စုပေါင်းသီဆိုကြပြီး ကရင်အမျိုးသားအလံတော်ကို အလေးပြုကြကာ တွဲဖက်အခမ်းအနားမှူးက ကရင်အမျိုးသားအလံတော်သမိုင်းကြောင်းကို ဖတ်ကြားသည်။
ဆက်လက်၍ နံနက်(၇)နာရီတွင် ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကိုကျင်းပရာ သဘာပတိ ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် သဘာပတိအဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြပြီး ကရင်ရိုးရာကျွဲချိုမှုတ်၍ ဖားစည်တီးကာအခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကရင်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူဧည့်သည်တော်အပေါင်းတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် အာဇာနည်များအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့်သဝဏ်လွှာကို သဘာပတိဦးစောခင်မောင်မြင့်က ဖတ်ကြားကာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဖတ်ကြား၍ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးက နှစ်သစ်ကူးဆုမွန်ကောင်းစကားပြောကြားသည်။
ယင်းနောက် ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ လူငယ်မောင်မယ်များက မြန်မာဘာသာ၊ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ဖတ်ကြားကြပြီး တွဲဖက်အခမ်းအနားမှူးက ကရင်ပြည်နယ်ရှိဂုဏ်ပြုခံ အထင်ကရသက်ကြီး ကရင်အဘိုး၊ အဘွားများ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုခံအထင်ကရသက်ကြီး ကရင်အဘိုး၊ အဘွားများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို စည်လုံးခြင်းသည်အင်အားဟု အဓိပ္ပာယ်ရသော အောဟုအောဟောင်ကရင်တေးသီချင်းဖြင့် သီဆိုရုတ်သိမ်းပြီး ဖီးဗူးယော် (ရိုးရာကောက်သစ်စားပွဲတော်)ကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖီးဗူးယော်ကောက်သစ်စားပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ငြိမ်းချမ်းရေးချိုးငှက်များ ဘေးမဲ့လွှတ်ပေးကြသည်။
ထို့နောက် ဖီးဗူးယော်ကောက်သစ်စားပွဲတော်ကို ဆက်လက်ကျင်းပရာ ကရင်အဘိုး၊ အဘွားများနှင့် ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဖီးဗူးယော်(ခေါ်) စပါးစောင့်နတ်သမီးကို ဖိတ်ခေါ်ပင့်ဆောင်၍ အခမ်းအနားမှူးက ကောက်သစ်စားပွဲအကြောင်း ရှင်းလင်းတင်ပြပြီး ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဖီးဗူးယော်ဆုတောင်းတေးသီချင်းများ စုပေါင်းသီဆိုကြကာ ကရင်လူမျိုးတို့၏ ရှေးခေတ်ထုံးတမ်းစဉ်လာများအတိုင်း ကောက်သစ်စားပွဲကို ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်အမျိုးသားအပေါင်းနှင့် တက်ရောက်လာသော ဧည့်သည်တော်အပေါင်းတို့က တည်ခင်းဧည့်ခံထားသော စားသောက်ဖွယ်ရာများကို အတူတကွသုံးဆောင် ၍ ကောက်သစ်စားပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်ခင်းကျင်းပြသထားသော ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုပြခန်း၊ ဗမာ၊ မွန်၊ ရှမ်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုပြခန်း၊ ဌာနဆိုင်ရာပြခန်းများ၊ ဒေသတွင်း MSMEs အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပြခန်းများနှင့် ဒေသထုတ်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ကျောင်းသားများရိပ်သာတွင်ကျင်းပသည့် ကရင်သက္ကရာဇ် (၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ဘားအံမြို့ပေါ်ရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်) ဘားအံသာသနာပိုင်နယ်ရှင်ပေတရုကသီဒြယ်ဘုရားရှိခိုးကျောင်း၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြည်ထောင်စု/သာယာကုန်းနှစ်ခြင်းအသင်းတော်၊ မိတ်သဟာယနှစ်ခြင်း ခရစ်ယာန်အသင်းတော်များသို့ သွားရောက်ပြီး ဂုဏ်တော်(ကျေးဇူးတော်)ကို ချီးမွမ်းသောအားဖြင့် ခရစ်ယာန်သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာ၊ နယ်စီးသာသနာပိုင်ကြီး၊ လက်ထောက်သင်းအုပ်ဆရာ၊ Father ၊ သင်းထောက်၊ အသင်းလူကြီး၊ အမျိုးသမီးခေါင်းဆောင်များအား ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း)များအလိုက် သီးခြားစီဂါရဝပြုတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏ ကိုးကွယ်ရာ၊ ယုံကြည်ရာကို ငြိမ်းချမ်းလွတ်လပ်စွာနှင့် စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင်၍ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ်သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းစကားပြောကြားပြီး ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း)များ၏ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်နှင့် နယ်စီးသာသနာပိုင်ကြီးတို့အား ခရစ္စမတ်အထိမ်းအမှတ် ဂါရဝလက်ဆောင်၊ ဆန်၊ ဆီနှင့်အလှူငွေများပေးအပ်ခဲ့ရာ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်နှင့် နယ်စီးသာသနာပိုင်ကြီးတို့ကလည်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်များ အပြန်အလှန်ပေးအပ်၍ ခရစ္စမတ်ဆုမွန်ကောင်းစကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)