ပြည် ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။
ဦးစွာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက မကြာမီကျင်းပတော့မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနေ့တွင် မဲပေးစက်များအား စနစ်တကျ ပိုမိုကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် မွမ်းမံသင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့ကိုင်တွယ်အသုံးပြုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်ကော်မရှင်ဝန်ထမ်းများက သင်တန်းသား၊ သင်တန်းသူများအတွက် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း လမ်းညွှန်စာအုပ်များ ဝေငှပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်တပ်ဆင်နည်းနှင့် ကိုင်တွယ်အသုံးပြုနည်းအဆင့်ဆင့်တို့အား အဖွဲ့အလိုက် လက်တွေ့လေ့ကျင့်မှုများ ပူးပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုနည်းမွမ်းမံသင်တန်းသို့ ပထမအကြိမ်သင်တန်း တက်ရောက်ခဲ့ပြီးဖြစ်သော ပြည်မြို့နယ်၏ ရပ်ကွက်/ကျေးရွာအုပ်စု ၆၉ အုပ်စုရှိ မဲရုံပေါင်း ၁၃၃ ရုံ၌ တာဝန်ထမ်းဆောင်မည့် သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမ စုစုပေါင်း ၅၅၂ ဦး တက်ရောက်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)