ပဲခူး ဒီဇင်ဘာ ၁၉
ပဲခူးမြို့၊ ညောင်အင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာဒုံးအဖွဲ့က “တောင်ပေါ်ရိုးရာအိုးစည်” သီချင်းဖြင့် အကဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ကရင်တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး မိမိတို့ရဲ့စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်း၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် အခြားသောတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုစိတ်ဓါတ်ကိုအခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များများမှ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း” ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ်၊ မြန်မာသက္ကရာဇ်(၁၃၈၇)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ကြိုဆိုသောအားဖြင့် နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ယင်းနောက် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်တစ်ဦးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မင်းလှမြို့နယ်၊ ကရင်တိုင်းရင်းသား/ သူများက “ဖဲကြိုးအက” သီချင်းဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာမှ ကရင်တိုင်းရင်းသား/သူများက “စည်းလုံးခြင်းငှာနိုးကြားပါ” သီးချင်းဖြင့်လည်းကောင်း၊ ပျဉ်းမငူကျေးရွာတို့မှ ကရင်တိုင်းသား/သူများက “နှစ်သစ်ကူး” တေးသီချင်းများဖြင့်လည်းကောင်း အသီးသီးကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ဒုံးယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ရာ၊ ပဲခူးခရိုင်ကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခံသည်။ ၎င်းနောက် ဧည့်သည်တော်များအား ကရင်တိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)