ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှု မရှိစေရေးအတွက် မိမိနေအိမ်တွင်အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများချက်ပြုတ်ပါက လျှပ်စစ်မီးစနစ်တကျကိုင်တွယ် အသုံးပြုရေး၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များအား စနစ်တကျငြှိမ်းသတ်ရန်၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့်ရေပုံးများ အဆင်သင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည်အချက်များအား လိုက်လံနှိုးဆော်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသမှုများကို မြို့နယ်အလိုက်ဆောင်ရွက်နေမှုများကို စုစည်း ဖော်ပြအပ်ပါသည် -
ကော့မှူးမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီက ဆောင်ရွက်နေကြောင်း သိရသည်။ ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဦးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး လိုက်နာရမည်အချက်များအား လိုက်လံနှိုးဆော်ပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ကြံခင်းမြို့နယ်
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကြံခင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး၊ မီးလောင်မှုလျှော့နည်းစေရေး ဒီဇင်ဘာ ၁၈ ရက်က ကြံခင်းမြို့ ရွာသစ်ရပ်ကွက်ရှိ မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။
မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးကာကွယ်ရေး လေ့ကျင့်ရာတွင် မြိုနယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်ပြီး (DCP) မီးသတ်ဆေးဘူးအသုံးပြုနည်းအားရှင်းလင်းပြသပြီး၊ ရုတ်တရက်မီးဘေးအန္တရာယ် ကြုံတွေ့ပါက (DCP)မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း၊ (HNE) မီးငြိမ်းသတ်ရေး ကိရိယာဖြင့် မီးငြိမ်းသတ်နည်းများတို့ကို လက်တွေ့ပြသသည်။ ထို့နောက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်တစ်စီးဖြင့် ဇာတ်တိုက်သရုပ်ပြသပြီး တက်ရောက်လာသူများအား မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင် ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဦးဌာနမှ ဦးစီးမှူး ဦးမျိုးဇော် နှင့်တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းခွင်များနှင့် စားသောက်ဆိုင်များတွင် ကွင်းဆင်းစစ်ဆေးကာ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည်အချက်များအား ပြောကြားခဲ့ကြောင်းသိရသည်။
အုတ်တွင်းမြို့နယ်
အလားတူ ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ ဒီဇင်ဘာ ၁၉ ရက် နံနက်၁၀ နာရီက ဝဲဒေါင့်ကျေးရွာရှိ လိုတရဆန်စက်သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးအကြံပေးခြင်းကို ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
သဲကုန်းမြို့နယ်
ထို့အတူ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ(၁)နာရီက သဲကုန်းမြို့မဈေး၌ကျင်းပသည်။
ဦးစွာ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မင်းထိုက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှု အမျိုးအစားအလိုက် မီးငြိမ်းသတ်ခြင်း နည်းစနစ်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်တို့ကို အသိပညာပေးဟောပြောသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များဖြင့် ဈေးအတွင်း လက်တွေ့မီးငြှိမ်သတ်သရုပ်ပြခြင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းများအား ရှင်းလင်းသရုပ်ပြပေးခဲ့ပြီး တက်ရောက်လာသူများမှ မီးငြှိမ်းသတ်နည်းများအား လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
သန်လျင်မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်းရှိမဲရုံများအား မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဝင်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ သန်လျင်မြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြိမ်းသတ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဘူးများ ထားရှိခြင်းရှိ/မရှိနှင့် ကောင်းမွန်ခြင်းရှိ/မရှိ လျှပ်စစ်သွယ်တန်းထားရှိမှု အခြေအနေများ၊ မဲရုံအတွင်းခန်းများ အလင်းရောင်ကောင်းစွာ ရရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်
သနပ်ပင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဟိန်းမင်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မဲရုံများနှင့် အခြားအဆောက်အဦများအား ဒီဇင်ဘာ ၁၈ ရက်က ကွင်းဆင်းကြည့်ရှုပြီး မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိမှုနှင့် ကောင်းမွန်ခြင်းရှိ/မရှိ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုအခြေအနေများ၊ မီးသတ်ရေကန်များအတွင်း ရေဖြည့်တင်းထားမှုရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်များကင်းရှင်းစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များအား ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် တာဝန်ရှိသူများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မြို့မ အရှေ့ရပ်ကွက်ရှိ မဲရုံများနှင့်မဲရုံပတ်ဝန်းကျင်အနီး မီးလောင်မှုနှင့်မီးလန့်မှုမဖြစ်ပွားစေရေး ဒီဇင်ဘာ ၁၉ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မီးဘေးကြို တင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ကျဆရာ၊ ဆရာမများအား မီးသတ်ဆေးဘူးအသုံးပြုနည်းများရှင်းလင်းပြသခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာအကြံပြုချက်များကို အသိပညာပေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြန်/ဆက်