ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကျင်းပသည့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ယနေ့နံနက်ပိုင်းက လယ်လှကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က လယ်လှကုန်းကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများကို တွေ့ဆုံ၍ မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်ပြီး တောင်ယာမီး၊ တောမီးရှို့ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပွားစေသဖြင့် ရှူရှိုက်မိသူများအား ကျန်းမာရေးထိခိုက်စေနိုင်ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုလျော့နည်းရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ လိုက်နာရမည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေများကို ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိမိလွင်က ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဇူလိုင်က မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုများမဖြစ်ပွားစေရေး ကြိုတင်တားဆီးကာကွယ်ရမည့် နည်းလမ်းများကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက ဆွေးနွေးဟောပြောသည့် အကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)