မကွေး ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မကွေးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်ကေခိုင်က အားကစားပြိုင်ပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ အလေ့ကျင့်ကောင်းဆိုင်ရာ ကောင်းကျိုးများရစေခြင်း၊ စည်းလုံးညီညွှတ်ခြင်းဖြင့် အောင်မြင်မှုများ ရရှိလာမည်ဖြစ်ပြီး ကျောင်းတွင်း အားကစားပြိုင်ပွဲများမှသည် ကျောင်းအားကစားလက်ရွေးစင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်လက်ရွေးစင်များ ထွက်ပေါ်လာကာ နိုင်ငံတကာအားကစားပြိုင်ပွဲများအထိ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကြက်တောင်ရိုက် ပြိုင်ပွဲအမျိုးသမီးပထမပွဲစဉ်အဖြစ် အင်္ဂလိပ်စာနှင့် ဓာတုဗေဒအသင်း၊ အမျိုးသားကြက်တောင်ရိုက်ပွဲစဉ်အဖြစ် ရုက္ခဗေဒနှင့် ဓာတုဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ပါမောက္ခချုပ် ဒေါက်တာ ခင်ကေခိုင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၈ မှ ၂၄ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း စုစုပေါင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြာင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)