ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံ ချည်မျှင်ရှည်ဝါ တစ်ဧကလျှင် ၅၂၄ ပိဿာ ထွက်ရှိ

ပွင့်ဖြူ ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ချည်မျှင်ရှည်ဝါသီးနှံ ၁၄၀၂ ဧကအထိ ခူးဆွတ်သိမ်းဆည်းပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၅၂၄ ပိဿာနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စိုက်ပျိုးထားသော ဝါစိုက်ခင်းများကို ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး ခူးဆွတ်သိမ်းဆည်းခဲ့ရာ ယနေ့တွင် ၁၄၀၂ ဧကအထိ သိမ်းဆည်း ပြီးစီးပြီဖြစ်ပြီး ဝါအထွက်နှုန်းမှာ တစ်ဧကလျှင် ၅၂၄ ပိဿာနှုန်း ထွက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်မှာ ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ဝါစိုက်ခင်းတွေကို လက်ရှိမှာ ခူးဆွတ် သိမ်းဆည်းနေကြပါတယ်။ ဒီနေ့ထိ ဧက ၁၄၀၀ ကျော် သိမ်းဆည်းပြီးစီးပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့က တစ်ဧကကို ချည်မျှင်ရှည်ဝါ ၅၂၄ ပိဿာနှုန်း ထွက်ရှိပါတယ်။ ချည်မျှင်ဝါက ဈေးကွက်ရှိတာကြောင့် ဒေသခံတောင်သူတွေဟာ မိုးဦးနဲ့ မိုးနှောင်းမှာ စီးပွားဖြစ် စိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးတောင်သူများကို သီးနှံဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေးကောင်းသော ဝါသီးနှံများ ထွက်ရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး စသည့်အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချည်မျှင်ရှည်ဝါကို အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အထောက်အကူပြုပေးနိုင်မည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ချည်မျှင်ရှည်ဝါကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)