ပဲခူး ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့အား ရေကြီးနစ်မြုပ်မှုကာကွယ်နိုင်ရေးနှင့် ပဲခူးမြစ်ကမ်းနားတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့မဈေးအနီး၊ ပဲခူးတံတား အထက်ဘက်အခြမ်းနှင့် အောက်ဘက်ခြမ်းဝဲယာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြေထိန်းနံရံတည်ဆောက်နေမှုနှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံ တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေကြီးရေလျှံမှုမဖြစ်စေရေးနှင့် ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပဲခူးမြို့အတွင်းသို့ဝင်ရောက်နိုင်သည့် အနိမ့်ပိုင်းမှ ချောင်းများကိုလည်း ရေတံခါးတပ်ဆင်နိုင်ရေးကွင်းဆင်းတိုင်းတာတွက်ချက်တင်ပြရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်ခုချင်းစီတိုင်းအား တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန်၊ ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံကိုလည်း တစ်ပြိုင်တည်း ဆက်လက်ဆောင်ရွက်ရန်နှင့် ပဲခူးမြစ်အတွင်း ရေကြောင်းရှင်းလင်းခြင်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)