ထားဝယ် ဒီဇင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများက ဦးဆောင်ကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ (၈၈) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ချမ်းသာကြီးကျောင်းဆရာတော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တိုင်းရင်းသား/တိုင်းရင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာသဘာပတိအဖွဲ့များက စင်မြင့်ပေါ်တွင် နေရာယူကြပြီး ကက်သလစ်ဘုန်းတော်ကြီး ဖာသာဂျိုးဇက်သိန်းခင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဖတ်ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သီရိပျံချီဦးမြတ်ကိုက ကောဇာသက္ကရာဇ် ၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း (၁) ရက်၊ ကရင်သက္ကရာဇ် ၂၆၇၇ ခုနှစ် “သလေး၊ ထိုင်ခုတ်ဖို ”၊ ကမ္ဘာသုံး ပြက္ခဒိန်ခရစ်နှစ် ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ကရင်နှစ်သစ်ကူးနေ့ကို ပထမဆုံးအကြိမ် စတင်ကျင်းပလာခဲ့ရာ နှစ်စဉ်ပြာသိုလဆန်း (၁) ရက်နေ့ရောက်တိုင်း ကရင်နှစ်သစ်ကူးနေ့ကို ကျင်းပကြပြီး အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို နှစ်စဉ်အစဉ်အလာမပျက် ကျင်းပခဲ့သည်မှာ (၈၈) နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည်ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံးလိုလား တောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး စသည်တို့ကိုအား သွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနအနေဖြင့်လည်း တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေပါ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကရင်တိုင်းရင်းသားများအနေဖြင့် မိမိတို့လူမျိုးများ၏ စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး ကရင်တိုင်းရင်းသားမောင်မယ်များထံသို့ စနစ်တကျလက်ဆင့်ကမ်းအမွေများပေးအပ်နိုင်ရေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ မိမိတို့ဒေသရှိသမိုင်းအမွေအနှစ်များ၊ ယဉ်ကျေးမှုများ စသည်တို့ကို အခြေခံပြီး ရပ်ရွာမှသည် နိုင်ငံတော်အဆင့်အထိ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးအား ယခုထက်မက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်တိုင်းရင်းသား/တိုင်းရင်းသူများက ကရင်ရိုးရာဒုံးယိမ်းအကနှင့် တေးသရုပ်အကဖြင့် ဖျော်ဖြေတင်ဆက်ပြီး တာဝန်ရှိသူများက မြန်မာဘာသာနှင့် ကရင်ဘာသာဖြင့် ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံအား တင်ပြကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ များ တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောအောင်ထွဋ်က ကျေးဇူးတင်စကား ပြောကြားပြီး တိုင်းရင်းသားများက ကရင်အမျိုးသားသီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)