မင်းဘူး ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်ဘူးမြို့၌ အချိန်စေ့လွန် ကြွေးကျန်များ အပြေအကျေ ပြန်လည်ပေးဆပ်ပြီးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မန်နေဂျာ ဦးနေလင်းက မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိပြီး တောင်သူဦးကြီးများအနေဖြင့် ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်များရှိမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ချေးငွေကင်းရှင်းမှသာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးသော နှစ်တို၊ နှစ်လတ်ချေးငွေများကို သတ်မှတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ကြောင့် အချိန်စေ့လွန် စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအရင်း၊ အတိုးများပါ အကျေဆပ်ပြီးသည့် တောင်သူများကို ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးချိန်အမီ ပြီးခဲ့သည့်နှစ် မေလ (၂၀) ရက်နေ့မှစ၍ ချေးပေးသကဲ့သို့ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ယခင်ချေးငွေများကို အကျေဆပ်ပြီးသည့် တောင်သူများအနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲများတွင် ပြန်လည်ပေးဆပ်ကြရန် အသိပေးထားကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)