မြို့သစ်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ချောင်းရိုး)တွင် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ဆောင်ရွက်

မြို့သစ် ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့လုလင်ကျေးရွာကျေးရွာအုပ်စု၊ ချောင်းရိုးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် ဆရာဦးတင်မောင်ဝင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ   အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ ဆရာဦးဌေးလွင်က ကျောင်းသားလူငယ်များ အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် အသိပညာပေးစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)