သရက်မြို့နယ်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲပေးခြင်း စတင်ဆောင်ရွက်

သရက် ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရွေးကောက်ပွဲတွင် တာဝန်ယူဆောင်ရွက်ကြရမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေလုံခြုံရေးတာဝန်ယူနေကြသည့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များအား ကြိုတင်ဆန္ဒမဲပေးခြင်းကို  ယမန်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်အတွင်း ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်ကြမည့် လုံခြုံရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် မိမိတာဝန်ကြရာနေရာများသို့ တာဝန်သွားရောက်မထမ်းဆောင်မီ မိမိဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် ဆန္ဒမဲများအား သတ်မှတ်ထားသည့် နေရာများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် စည်ပင်ခန်းမ၊ အထက(၁) ရာပြည့်ခန်းမ၊ ကပစ(၁၂) အနော်ရထာခန်းမနှင့် ခလရ(၄၄) အနော်ရထာခန်းမတို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အသီးသီးစီမံဆောင်ရွက်ထားရှိပြီး ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ကြိုတင်မဲများအား ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ စတင်မဲပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လုလင်(သရက်)