လိပ်သို ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီမှဉီးဆောင်၍ ကရင်သက္ကရာဇ် (၂၇၆၄)ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၆)နာရီက ကက်သလစ်သာသနာဝင်းတွင် ကျင်းပပြုလုပ်ရာ တံခွန်တိုင်အဖို၊ အမစိုက်ထူခြင်း၊ ကရင်အမျိုးသားအလံတော်အား လွှင့်တင်အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားဒုတိယပိုင်းတွင် Rev.Fr ရစ်ချက်အားခိုက ဆုတောင်းမေတ္တာဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခြင်း၊ သဘာပတိ ဉီးစောဂျေအေဝင်းမြင့်မှ နှစ်သစ်ကူးနေ့နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မြို့အုပ်ချုပ်ရေးမှူး ဉီးစောမြတ်ကျော်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဉီးစောမြင့်ဉီး၏ နှစ်သစ်ကူးသဝဏ်လွှာဖတ်ကြားခြင်း၊ ဆရာဉီးစောမောင်မြင့်ထွန်းက ကရင်နှစ်ကူးနေ့ဖြစ်ပေါ်လာပုံအကြောင်း ဖတ်ကြားခြင်းနှင့် ဆရာဉီးစောရွှေနုက ကရင်အမျိုးသားအလံနှင့် တံခွန်တိုင်အဖိုအမအကြောင်း ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့နောက် ကရင်ကဗျာရွတ်ဆိုခြင်း၊ ကရင်သီချင်းသီဆိုခြင်း၊ ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရိုးရာဗုံပုလွေတီးမှုတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို ဆရာမန်းမော်လီကား၏ ဆုတောင်းမေတ္တာဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း