မုံရွာ ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ MSME စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်ပိုင် ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ ဆန်၊ ဆီ ကုန်သည်ကြီးများအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် မုံရွာမြို့အားမြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေများဖြင့် MSME လုပ်ငန်း များဆောင်ရွက်နေမှု၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရက ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ပံ့ပိုးဖြည့်ဆည်း ပေးရန် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်းခန်းမအနီး ကျင်းပသည့် မုံရွာမြို့ပေါ်ရှိ ဝန်ထမ်းများနှင့် ပြည်သူများ MSME ထုတ်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်ဆောင်ရွက်သည့် တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများမှထွက်ရှိသည့် ကုန်ပစ္စည်းများ၊ လူသုံးကုန်များ၊ အစားအသောက်များ၊ အဝတ်အထည်များနှင့် ဒေသထွက်ကုန်များပြပွဲနှင့်ဈေးရောင်းပွဲသို့ ရောက်ရှိရာ ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လာရောက် ပြသရောင်းချကြသည့် MSME လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်