ဘားအံ ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်သည် မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းကြောင်းပေါ်တွင်တည်ရှိပြီး သာယာလှပသော တောတောင်ရေမြေသဘာဝရှုခင်းများ၊ စက်မှုကုန်ကြမ်းနှင့် အဖိုးတန်ဓာတ်သတ္တုများ ပေါများစွာထွက်ရှိခြင်းတို့ကြောင့် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအများအပြားကို ဖော်ထုတ်မြှင့်တင်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့မှဦးဆောင်၍ ဒီဇင်ဘာ ၁၈ ရက် နံနက် ၈ နာရီက ဘားအံမြို့ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၂၅)ကို ကျင်းပသည်။
ဦးစွာ ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက စည်းလုံးခြင်းသည်အင်အားဟု အဓိပ္ပါယ်ရရှိသော အောဟုအောဟောင် ကရင်တေးသီချင်းအား ကရင်ရိုးရာဒုံးအကဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မင်္ဂလာဖားစည်အား တီးခတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ ၏ အဓိကဦးတည်ချက်ဖြစ်သော Smart Investor , Green Investment ; The New Age of Kayin နှင့်အညီ ရင်းနှီးမြှုပ်နှံသူများမှ ဥပဒေကိုလေးစားလိုက်နာ၍ တာဝန်ယူမှုတာဝန်ခံမှုရှိသော သဘာဝပတ်ဝန်းကျင်အား ရေရှည်စဉ်ဆက်မပြတ်ထိန်းသိမ်းသော၊ လူမှုပတ်ဝန်းကျင်၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ကရင်ပြည်နယ်အတွင်းလာရောက် ဆောင်ရွက်ခြင်းဖြင့် အနာဂတ်များအား အတူလက်တွဲလျှောက်လှမ်းသွားကြရန် ဖိတ်ခေါ် ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက် စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖိုရမ်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြသော ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ပေးအပ်ကာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ကရင်ပြည်နယ်၏ရင်းနှီးမြှုပ်နှံမှုအလားအလာ၊ လိုလားမှု၊ စိန်ခေါ်မှုနှင့် ရရှိနိုင်မည့်အခွင့်အရေးများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများနှင့်အတူ ခင်းကျင်းပြသထားသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဆိုင်ရာသဘာဝအလှဓာတ်ပုံပြခန်း၊ ဒေသထွက်စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်နှင့်တွင်းထွက်ပစ္စည်းပြခန်းများ၊ ဒေသတွင်းထုတ်လုပ်သည့် လယ်ယာသုံး စက်ကိရိယာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ သို့တက်ရောက်လာသော ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးအခြေပြုစက်မှုကဏ္ဍကို လည်းကောင်း၊ စက်မှု၊ ဝန်ဆောင်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအား ချိတ်ဆက်ခြင်းကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး ကဏ္ဍအလိုက်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှတာဝန်ရှိသူများက ပြန်လည်ထိတွေ့ဆွေးနွေးခဲ့ကြကာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)