ကျိုက်လတ် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ထပ်တိုးဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများအား ကျေးရွာများသို့လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)ရပ်ကွက်၊ စက်မှုလယ်ယာအဝင်လမ်းနှင့် ပေါင်းဆန်စက်ရုံ အဝင်လမ်းဆုံရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖျာပုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထက်အောင်က တက်ရောက်လာကြသည့် ကျေးရွာကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ လှိုင်းတာကျေးရွာနှင့် အိမ်ယာကြီးကျေးရွာမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီအဖွဲ့ဝင်များအား (၁)ရွာလျှင် ရန်ပုံငွေ သိန်း (၃၀၀) ကျပ်နှင့် ကျုံသိဝကျေးရွာအုပ်စု စခန်းကြီးကျေးရွာ၊ ပရိုက်ကြံခင်းကျေးရွာအုပ်စု ကျုံခရမ်းကျေးရွာနှင့် တဘိုးကုန်းကျေးရွာအုပ်စု ရွာသာအေးကျေးရွာမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကော်မတီအဖွဲ့ဝင်များအား (၁)ရွာလျှင် ရန်ပုံငွေသိန်း (၁၅၀) ကျပ် တို့ကို တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်