ငဖဲမြို့နယ်၌ ဆောင်းသီးနှံကုလားပဲ ၅၈၅၃  ဧက စိုက်ပျိုးပြီးစီးပြီးလျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

ငဖဲ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ကုလားပဲ ၅၈၅၃ ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ပြီး ပဲစိုက်ခင်းများစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံအဖြစ် ကုလားပဲကို ၅၃၁၅  ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက် ခဲ့ရာ ယနေ့ထိ ကုလားပဲမျိုးအဖြစ် ရေဆင်း-၄  (၁၉၀၅)ဧက၊ ရေဆင်း-၆ ( ၂၆၈၃)ဧကနှင့် ရေဆင်း -၁၂ (၁၂၆၅)ဧက စုစုပေါင်း ၅၈၅၃ ဧကအထိ စိုက်ပျိုးပြီးစီးခဲ့ပြီး ဒေသခံတောင်သူများအနေဖြင့် မိုးစပါးများရိတ်သိမ်းခြွေလှေ့အပြီးတွင် ဆက်လက်စိုက်ပျိုးကြရာ လျာထားချက်ထက် ၅၃၈ ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း သိရသည်။  

စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံတွင်းစားသုံးမှုဖူလုံစေရုံမျှမက ပြည်ပပို့ကုန်အဖြစ်ပါ တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထုတ်လုပ်မှုနှင့် ဈေးကွက်လိုအပ်ချက်ဖြစ်သည့် ဝယ်လိုအားမျှတလာပါက ကုန်ဈေးနှုန်းတည်ငြိမ်၍ လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက်လာမည်ဖြစ်သဖြင့် စိုက်ပျိုးသီးနှံများအထွက်နှုန်း တိုးတက်စေရေး ဒေသမရွေးကြိုးပမ်းကြရမည်ဖြစ်သည်။

ငဖဲမြို့နယ်တွင် ကုလားပဲသီးနှံကို ပန်းထိန်းအုပ်စု၊ ဆင်ချည်တိုင်ကျေးရွာအုပ်စု၊ ဆူးပဒေါင်း ကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာအုပ်စု၊ စည်သာကျေးရွာအုပ်စုနှင့် မာန်အောင်ကျေးရွာအုပ်စုတို့တွင် အများဆုံးစိုက်ပျိုးကြကာ တစ်ဧကလျှင် မျိုးစေ့ ၂ တင်းနှုန်းခန့်စိုက်ပျိုးရကြောင်း၊ ကုလားပဲ တစ်ဧက စိုက်ပျိုးစရိတ်ငွေကျပ် နှစ်သိန်းခွဲခန့်ကုန်ကျပြီး ယခင်နှစ်က ကုလားပဲသီးနှံ ၅၅၀၈ ဧက စိုက်ပျိုးနိုင်ခဲ့ကာ တစ်ဧကကို ၁၁.၈၅ တင်းခန့်ထွက်ရှိကြောင်းနှင့် ယခုနှစ်တွင်လည်း ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)