ကောက်ရိုးထုံးစက်ကိရိယာ(Round Baler)နှင့် ရိုးပြတ်ရိတ်စက်ကိရိယာ (Rotary Mulcher) အသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

တောင်တွင်းကြီး ဒီဇင်ဘာ ၁၈

စက်မှုလယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ နည်းပညာသစ်ကိရိယာများကို သိရှိကိုင်တွယ်အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၁) စက်မှုလယ်ယာစခန်းက ကြီးမှူးဆောင်ရွက်သည့် ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) နှင့် ရိုးပြတ်ရိတ်စက်ကိရိယာ (Rotary Mulcher) အသုံးပြု၍ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို မြို့သစ်မြို့နယ်၊ ကိုရံ(တောင်)ကျေးရွာ ကွင်းအမှတ်(၁၃၈၃)ရှိ တောင်သူ ဦးသောင်းတင်၏ လယ်မြေ ၃ ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတိုးမြင့်ပိုင်က နည်းပညာသစ်ကိရိယာများကို အသုံးပြုခြင်းဖြင့် တောင်သူများ လယ်ကွင်းအတွင်းရှိ ကောက်ရိုးများအား ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) ကို အသုံးပြု၍ ကောက်ရိုးများ အမြန်သိမ်းဆည်းနိုင်သဖြင့် အလွယ်တကူမြေပြုပြင်နိုင်ခြင်း၊ နွားစာကောက်ရိုးများကို မီးရှို့ရန်မလိုပဲ အမိုးအကာအောက်တွင် စနစ်တကျ ထားသိုသိမ်းဆည်းနိုင်ခြင်းတို့ကြောင့် နွားစာအဖြစ် ကောက်ရိုးများပြန်လည်ရောင်းချခြင်းဖြင့် စျေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေတိုးပွားနိုင်ကြောင်း စသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ တောင်တွင်းကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့သစ်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့သစ်မြို့နယ်ရှိ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။

နောင်နောင်(ဗိဿနိုးမြေ)