ပွင့်ဖြူ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၁၇၇၇၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲ ၅၂၀၅၁ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၇၇၇၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ကုလားပဲ ၅၂၀၅၁ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၁၇၇၇၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားချက်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက်ဆောင်ရွက်နေပါတယ်။ ကုလားပဲစိုက်ပျိုးတာနဲ့ပတ်သက်ပြီး အောင်မြင်ဖြစ်ထွန်းစေဖို့၊ အထွက်နှုန်းတွေတိုးတက်စေဖို့အတွက် မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်အောင်၊ GAP နည်းစနစ်နဲ့စိုက်ပျိုးနိုင်အောင်၊ စိုက်ပျိုးရေးသွင်းအားစုတွေ စနစ်တကျသုံးစွဲနိုင်အောင် တောင်သူတွေနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ရေဆင်း(၈)၊ ရေဆင်း(၁၁) ကုလားပဲမျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကုလားပဲသီးနှံ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် အရည်အသွေးကောင်းသီးနှံများထွက်ရှိစေရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ ပိုးမွှားကျရောက်မှု ကင်းရှင်းရေး၊ ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲရေး စသည့် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကုလားပဲကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကိုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ကုလားပဲကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)