ငဖဲမြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ နံရံကပ်စာစောင်ပြသ

ငဖဲ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်သည်။

ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့သမိုင်းတွင် စတုတ္ထအကြိမ်မြောက်ကျင်းပခြင်းဖြစ်၍ ထူးခြားချက်အနေဖြင့် ဤရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ယခင်မဲပေးစနစ် အနိုင်ရသူအကုန်ယူစနစ်အပြင်၊ အချိုးကျကိုယ်စားပြုစနစ်ကိုလည်း ပူးတွဲအသုံးပြုမည့်အပြင် ရွေးကောက်ပွဲများကိုလည်း တစ်ရက်ထဲမကျင်းပဘဲ အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲရက်သတ်မှတ်ခြင်း၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ တားမြစ်ချက်နှင့်ပြစ်ဒဏ်များ၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမဲဆန္ဒနယ်များသတ်မှတ်ခြင်း၊ အထွေထွေရွေးကောက်ပွဲများကာကွယ်ပေးရေးဥပဒေ၊ MEVM စက်နဲ့ဘယ်လိုမဲပေးကြမလဲ၊ ဆန္ဒမဲပေးရာတွင်သိရှိလိုက်နာရမည့်အချက်များ၊ ဆန္ဒမဲပေးခြင်းဆိုင်ရာသတိပေးတားမြစ်ချက်နှင့် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများပါရှိသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်များကိုပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)