ကန်ကြီးထောင့် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ MCCT အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူများနှင့် မိသားစုဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မိသားစုဝင်များအား အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က “မိခင်များအတွက် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှု၊ မီးဖွားရန်ပြင်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းသန့်ရှင်းရေး၊ မွေးကင်းစနှင့် ကလေးငယ်များအား နို့တိုက်ခြင်းနှင့် အာဟာရပြည့်မီအောင်ကျွေးမွေးခြင်း”စသည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဦးလှိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ MCCT အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူများနှင့် မိသားစုဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မိသားစုဝင်များက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)