မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် Quick Win အစီအစဉ်ဖြင့် ကျေးလက်လမ်း(၇)ခုကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေမှ ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၄၀၀ ကျော်ဖြင့် ကျေးလက်နေပြည်သူများသွားလာရေး လွယ်ကူချောမွေ့အဆင်ပြေစေရန် Quick Win အစီအစဉ်ဖြင့် ကျေးလက်လမ်း(၇)ခုကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ကျောက်တန်း-သီးကုန်းလမ်းမှ ရေတွင်းကုန်းကျေးရွာသို့ ဆက်သွယ်သောလမ်းမပေါ်ရှိ ဆားဗွက်ချောင်းတံတား ချဉ်းကပ်လမ်းအရှည် နှစ်ဖာလုံအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၁၇ ဒသမ ၂၅၀ ကျပ်သန်း၊ ဆင်လမ်းကြီး-ရေတွင်းကုန်းလမ်းအရှည် တစ်မိုင်၊ အကျယ် ၁၈ ပေ၊ ထု ၄ လက်မ လမ်းချိုင့်ဖြည့်၍ မြေနီကျောက်စရစ်ခင်းကြိတ်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၁၉ ဒသမ ၅၀ ကျပ်သန်း၊ ကျောက်စစ်ပုံ-ကံကုလား ကျေးရွာချင်းဆက်လမ်း အရှည် ၂ မိုင် ၅ ဖာလုံ၊  အကျယ် ၁၈ ပေ၊ ထု ၄ လက်မ လမ်းချိုင့်ဖြည့်ပြီး မြေနီခင်း၍ပြုပြင်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၆၉ ဒသမ ၁၂၅ ကျပ်သန်း၊ ကံကုလားကျေးရွာတွင်းလမ်း အရှည် ၃ ဖာလုံ၊ အကျယ် ၁၄ ပေ၊ ထု ၇ လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၁၅၉ ကျပ်သန်း၊ ကျောက်စံ-ကံသစ်-ကံကုလား ကျေးရွာချင်းဆက်လမ်းအရှည် ၃ မိုင် ၂ ဖာလုံ၊ အကျယ် ၁၈ ပေ၊ ထု ၄ လက်မ လမ်းချိုင့်ဖြည့်ပြီး မြေနီခင်း၍ ပြုပြင်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၈၄ ဒသမ ၅၀ ကျပ်သန်း၊ မန်းကျိုး-ထုံးမကြီးလမ်းအရှည် ၂ ဒသမ ၅ ဖာလုံအား (ပျမ်းမျှ ၁ ပေ ၆ လက်မထု) မြေသားတာဘောင်တင်၍ အကျယ် ၁၈ ပေ၊ ထု ၈ လက်မ မြေနီခင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၃၀ ကျပ်သန်းနှင့် မန်းကျိုး-ထုံးမကြီးလမ်းအရှည် ၄ ဒသမ ၂၄ ဖာလုံအား (ပျမ်းမျှ ၉ လက်မထု) မြေသားတာဘောင်တင်၍ အကျယ် ၁၈ ပေ၊ ထု ၈ လက်မ မြေနီခင်းခြင်း လုပ်ငန်းကိုခွင့်ပြုငွေ ၄၀ ကျပ်သန်းတို့ဖြင့် စုစုပေါင်းလမ်းလုပ်ငန်း(၇)ခုကို ခွင့်ပြုရန်ပုံငွေ ၄၁၉ ဒသမ ၃၇၅ ကျပ်သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

မင်းဘူး(စကု)မြို့နယ်၌ အဆိုပါ Quick Win အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ကျေးလက်လမ်း(၇)ခုအနက် ရေတွင်းကုန်းကျေးရွာအနီးရှိ ဆားဗွက်ချောင်းတံတား ချဉ်းကပ်လမ်းအား ပြန်လည်ပြုပြင်ခြင်း၊ ဆင်လမ်းကြီး-ရေတွင်းကုန်းလမ်းအား မြေနီကျောက်စရစ်ခင်းခြင်းနှင့် ကျောက်စစ်ပုံ-ကံကုလား ကျေးရွာချင်းဆက်လမ်းအား မြေနီခင်း၍ ပြန်လည်ပြုပြင်ခြင်းစသည့် ကျေးလက်လမ်း(၃)ခုမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကာ ကျန်ရှိသည့် လုပ်ငန်းများအားလုံး သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်အချိန်မီပြီးစီးရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလမ်းများ ဆောင်ရွက်ပြီးပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအပြင် ရာသီမရွေးသွားလာရေး လွယ်ကူချောမွေ့အဆင်ပြေကာ ဒေသထုတ်ကုန်များကို ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်သည့်အတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ရွှေစင်ဦးက ပြောသည်။

မောင်မောင်(မင်းဘူး)